Monday, December 3, 2018

ပထမအကြိမ် ဥရောပဗုဒ္ဓဘာသာလူငယ်ဖိုရမ် ရည်ရွယ်ချက်နှင့်အကြောင်းအရာ


1st European Buddhist Youth Forum
ပထမအကြိမ် ဥရောပဗုဒ္ဓဘာသာလူငယ် ဖိုရမ်
………………………………………………………..
1st European Buddhist Youth Forum၊ ပထမအကြိမ် ဥရောပဗုဒ္ဓဘာသာလူငယ် ဖိုရမ်ကို ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တော်အနီး Dhammachaya Buddhist Center, ဓမ္မအရိပ်မြန်မာကျောင်းမှာ
ဇူလိုင်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပါတော့မယ်။
ဘယ်လို မျှော်မှန်းချက်တွေ ရှိလဲ
………………………………
ဒီဖိုရမ်တက်ပြီးတာနဲ့ ဒိန်းမတ်၊ အင်္ဂလန်၊ ဂျာမနီ၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန် စတဲ့တိုင်းပြည်တွေက ဥရောပဗုဒ္ဓဘာသာလူငယ်တွေဟာ အချင်းချင်း မိတ်ဆွေတွေ ဖြစ်လာကြမယ်။ ဥရောပဘယ်နေရာသွားသွား သူတို့အတွက် မိတ်ဆွေတွေချည်း ဖြစ်လိမ့်မယ်။
နိုင်ငံအသီးသီးက သူတို့မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပညာရေးအတွေ့အကြုံတွေ၊ မတူညီတဲ့ယဉ်ကျေးမှုတွေကြားမှာ ကြီးပြင်းလာရတဲ့ဘဝတူ လူငယ်အချင်းချင်း လူမူရေးအခက်အခဲတွေ၊ မိသားစုရေးရာအခက်အခဲတွေ၊ လူမှုရေးပြဿနာတွေ အတူတူ ရင်ဖွင့်ဆွေးနွေးအဖြေရှာခွင့်တွေ ရလာမယ်။ နောင် အလုပ်ခွင်ထဲရောက်လာမယ့် ဒီလူငယ်တွေဟာ သူတို့အချင်းချင်း ဥရောပအနှံ့အပြားမှာ ကွန်ရက်ချိတ်ဆက် ဆောင်ရွက်လာနိုင်ကြမယ်။
ဒါ့အပြင် ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။ ဗုဒ္ဓဘာသာဝင်တွေဟာ ဘယ်လို စိတ်သဘောထားတွေနဲ့ ဘဝကို ရှင်သန်သင့်သလဲ။ ဗုဒ္ဓဘာသာဝင်ဖြစ်ရတဲ့အပေါ် ဘယ်လိုမျိုး ဘဝတန်ဖိုးတွေ ရှိလာနိုင်သလဲ … စတဲ့ မေးခွန်းတွေအတွက်လည်း အဖြေဖော်ဖို့ လမ်းစဖြစ်လာမယ်လို့လည်း ယုံကြည်တယ်။ ဗုဒ္ဓဘာသာရဲ့တန်ဖိုးတွေကို နားလည်တဲ့လူငယ်အဝန်းအဝိုင်းတစ်ခုလည်း ပေါ်ထွက်လာလိမ့်မယ်။
အနာဂတ်ဥရောပဗုဒ္ဓဘာသာပြန့်ပွားရေးကို ပုခုံးပြောင်းယူကြမယ့် ဒီလူငယ်သူငယ်ချင်းအုပ်စုကြီးအနေနဲ့ အေးချမ်းသာယာမှုတွေ ဖြစ်ထွန်းစေမယ့် ဗုဒ္ဓတရားတော်တွေ ဥရောပမှာ ပြန့်ပွားလာအောင်၊ ကျယ်ပြန့်လာအောင် ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်မလဲဆိုတဲ့ အတွေးစလေးတွေ ရလာမယ်။ ဒါဟာ ဒီဖိုရမ်ကနေ မဖြစ်မနေ ထွက်ပေါ်လာမယ့် ရလဒ်တွေပါပဲ။
အနာဂတ်အတွက်လည်း ဒီလို မျှော်မှန်းတယ်
…………………………………………
ဒီဖိုရမ်ကို မြန်မာလူငယ်တွေနဲ့ စခဲ့ပေမယ့် နောက်အကြိမ်တွေကျရင် ဒီလူငယ်တွေရဲ့ကျောင်းနေဖက် လုပ်ဖော်ကိုင်ဖက် အနောက်တိုင်းလူငယ်တွေလည်း ပါဝင်လာကြမှာ သေချာပါတယ်။ နောင်အခါမှာ မြန်မာနိုင်ငံက လူငယ်တွေပါ အလျဉ်းသင့်သလို ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်ဖို့ စိတ်ကူးထားပါတယ်။ ဒါကြောင့် နောင်အနာဂတ်ဖိုရမ်ဟာ ဥရောပဗုဒ္ဓဘာသာလူငယ်တွေချည်းလုပ်တဲ့ဖိုရမ်မဟုတ်ဘဲ မြန်မာနိုင်ငံက လူငယ်တွေနဲ့ပါ ချိတ်ဆက်နိုင်တဲ့ ဖိုရမ်တစ်ခုဖြစ်လာပါလိမ့်မယ်။ 
အနာဂတ် ဥရောပဗုဒ္ဓဘာသာလူငယ်ဖိုရမ်ဟာ ဥရောပမြန်မာလူငယ်တွေ၊ အနောက်တိုင်းသားလူငယ်တွေနဲ့ မြန်မာနိုင်ငံကလူငယ်တွေ ဆုံစည်းဆွေးနွေးဖလှယ်ရာ ဖိုရမ်တစ်ခုအဖြစ် ပုံရိပ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ပထမအကြိမ် ဒီဖိုရမ်က သိပ်ကို အရေးကြီးပါတယ်။
ဘာတွေ သင်ပေးမှာလဲ
……………………………
ဒါက လူတိုင်း မေးနေတဲ့ မေးခွန်းပါ။ သင်တန်းတွေမှာလို ဦးဆောင်သူကချည်း သင်ပေးတာတွေ ပါမှာ မဟုတ်ပါဘူး။ လူငယ်တွေကိုယ်တိုင် ဆွေးနွေးမေးမြန်းကြ၊ အဖြေရှာကြတဲ့ပုံစံကိုပဲ အသုံးပြုမှာပါ။ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ သင်ကြားဆွေးနွေးခြင်းဆိုင်ရာ ဂိမ်းတွေ၊ ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါး သင်ကြားရေးပုံစံ (Learning Activities) တွေကို အသုံးပြုမှာပါ။ ဗုဒ္ဓဘာသာရဲ့အခြေခံတရားတွေ၊ အနှစ်သာရတွေ … ဒါတွေကိုတော့ ဂိမ်းဆော့ရင်း၊ အုပ်စုဖွဲ့ဆွေးနွေးရင်းနဲ့ သိသွားမှာပါ။ ဒါတွေကို ဆရာလေးဒေါ်ကေတုမာလာနဲ့ မြန်မာနိုင်ငံက ဖိတ်ထားတဲ့ ဒေါ်အိအိရီမွန်တို့က ဦးဆောင်သွားမှာပါ။
ဘယ်နိုင်ငံတွေက တက်မှာလဲ
……………………………
ဒီဖိုရမ်ကို ဂျာမနီ၊ နော်ဝေ၊ နယ်သာလန်၊ ဆွီဒင်၊ ဖင်လန်၊ ဒိန်းမတ်၊ အင်္ဂလန်နိုင်ငံတွေက လူငယ် ၅၄ ယောက် တက်ရောက်ကြပါမယ်။ ဖိုရမ်မှာ လူငယ်တွေကို ဝိုင်းဝန်းပံ့ပိုးကြမယ့် လူကြီးတွေ၊ မိဘတွေ၊ ဝေယျာဝစ္စဆောင်ရွက်ကြသူတွေ အားလုံးပေါင်းရင် ပရိသတ် ၁ဝဝ ခန့်ရှိမှာဖြစ်ပါတယ်။ 
တည်းခိုကျင်းပမည့်နေရာ
……………………………
လူငယ်တွေအားလုံးဟာ ဟိုတယ်တွေလည်း မငှါးပေးနိုင်တော့ ဓမ္မအရိပ်ကျောင်း (Dhammachaya Buddhist Center)၊ နေအိမ် ၂ လုံးနဲ့ တည်းခိုခန်းမ ၁ ခုတို့မှာ တည်းကြမှာပါ။ နေရာအခက်အခဲ၊ ဝေယျာဝစ္စအင်အားအခြေအနေကြောင့် ဆရာတော်သံဃာတော်များကို အများကြီး မပင့်ဖိတ်ဖြစ်ပါဘူး။ နောင်အကြိမ်တွေ ဒီထက် ပိုမိုကျယ်ဝန်းတဲ့နေရာတွေမှာ ဆောင်ရွက်ခွင့်ရရင်တော့ မြန်မာနိုင်ငံက ဆရာတော်ကြီးတွေ၊ ဥရောပတိုင်းပြည်အနှံ့က ဆရာတော်တွေအားလုံးကို ပင့်ဖိတ်ပြီးတော့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကြိုတင်ပြင်ဆင်မှု
…………………….
ကြိုတင်ပြင်ဆင်မှုအနေနဲ့ အားလုံး အဆင်သင့်သလောက် ရှိနေပါပြီ။ ၆ ရက်တာရဲ့ တစ်နေ့တာဆွမ်းအနေနဲ့ တစ်ရက်ကို ယူရို ၈၅ဝ ခန့်သတ်မှတ်ထားရာ အလှူရှင်တွေလည်း ပေါ်ထွက်လာပါပြီ။ တစ်နေ့တာ ကိုပင်ဟေဂင်လေ့လာရေးခရီးအတွက် ယူရို ၁၇ဝဝ ခန့်ကုန်ကျမယ့် ဘတ်စ်ကားခရီးစဉ်လည်း စီစဉ်ပြီးပါပြီ။ ဖိုရမ်ကျင်းပဖို့အတွက် ယူရို ၁၈ဝဝ ခန့်ကုန်ကျမယ့် မဏ္ဍပ်ကြီးတစ်ခုကလည်း အဆင်သင့်ဖြစ်နေပါပြီ။ 
ဒိန်းမတ်နိုင်ငံပြင်ပက တက်ရောက်လာကြမယ့် လူငယ်တွေ၊ ဝေယျာဝစ္စဆောင်ရွက်ပေးကြမယ့်သူတွေကို လေဆိပ်၊ ရထားဘူတာတွေမှာ သွားရောက်ကြိုဆိုပို့ဆောင်ပေးမှာဖြစ်တဲ့အတွက် ကြိုပို့ကုသိုလ်ယူကြမယ့်သူတွေလည်း ပြည့်စုံသလောက်နီးပါး ရှိပါပြီ။ 
ကား ၁ဝ စီးခန့် လိုအပ်မှာဖြစ်လို့ လိုအပ်ချက်တော့ ရှိနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အကြီးစား ဆောင်ရွက်စရာတွေကတော့ ပြည့်စုံသလောက်ရှိပါပြီ။ မြောက်မြားလှစွာသော အသေးစိတ်ဆောင်ရွက်စရာတွေကတော့ ဝေယျာဝစ္စကုသိုလ်ယူကြမယ့် ကျောင်းဒကာဒကာမတွေရဲ့ စေတနာသဒ္ဓါအားနဲ့ ကြိုးစားဆောင်ရွက်ပေးသွားမှာပါ။ 
နှိုးဆော်ခြင်း
………………
ဒီလောက်ဆိုရင် ဖိုရမ်နဲ့ပတ်သက်ပြီး အတော်အသင့် သိသွားပြီလို့ ယူဆပါတယ်။ လုပ်ငန်းကြီးတစ်ခုကို လုပ်ဆောင်တဲ့နေရာမှာ အပေါ်ယံမြင်သိနိုင်တာတွေအပြင် မမြင်ရ မသိရတဲ့ အောက်ခြေလုပ်ဆောင်စရာတွေက အများကြီး ရှိနေတတ်ပါတယ်။ 
အနာဂတ်ဗုဒ္ဓဘာသာလူငယ်တွေအတွက် ဘာသာရေး၊ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ဗုဒ္ဓနည်းကျ ဘဝနေနည်းတွေ သိရှိကြရေးကို ရှေးရှုပြီး အကုန်အကျခံ၊ မအားမလပ်တဲ့ကြားက လပေါင်းများစွာ ပင်ပင်ပန်းပန်း ဆောင်ရွက်နေကြပါတယ်။ ကြားသိပြီးသူတွေရော၊ မကြားမသိရသေးသူတွေပါ ဒီဖိုရမ်မှာ မိမိတို့နိုင်ရာဘက်မှ ဝေယျာဝစ္စအင်အားအနေဖြင့်ဖြစ်စေ၊ ယာဉ်အလှူဒါနအနေဖြင့်ဖြစ်စေ၊ ဖိုရမ်ကို မပင်မပန်းချမ်းသာစွာ ကျင်းပနိုင်ရေး အလှူပါဝင်ခြင်းဖြင့်ဖြစ်စေ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းပါတယ်။ 
လောကအကျိုး၊ သာသနာအကျိုး သယ်ပိုးနိုင်မယ့် လူငယ်မျိုးဆက်သစ်များ ပေါ်ထွန်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ ….
အရှင်ကုသလသာမိ
ပဓာနနာယကဆရာတော်
ဓမ္မဆာယာ ဓမ္မအရိပ်ကျောင်း
Dhammachaya Buddhist Center
Norregade 13 C, 4534
Horve, Denmark
လှူဒါန်းနိုင်သည့်ဘဏ်
Myanmar buddhistisk og kulturel forening
IBAN : DK2420006284411321
Swiftadresse : NDEADKKK
Bank
Nordea bank
Holbæk
Nørregade 13 C
4534 Hørve
Denmark
အထူးမှတ်ချက် ---- ဒီစာရင်း (အထူးသဖြင့် အလှူရှင်စာရင်း)တွေဟာ နောက်ဆုံးအတည်ပြုချက် မဟုတ်ပါ။ ဆရာတော်မှတ်မိသမျှ ပြုစုထားခြင်းမျှသာဖြစ်သည်။ လိုအပ်ချက်များ ရှိနိုင်သေးသည် ဟူလို။

No comments:

Post a Comment